iMyanmarAds

AFC ဖလား


2010 AFC President's Cup ပြိုင်ပွဲတွင် အိမ်ရှင် ရတနာပုံအသင်း ဗိုလ်စွဲ ဗိုလ်လုပွဲတွင် ချန်ပီယံနှစ်ကြိမ် ရထားသည့် ဒိုဒွိုင်းဒိုင်နမို အသင်းကို အချိန်ပိုတွင် အနိုင်ယူခဲ့ခြင်းဖြစ်


2010 AFC President's Cup ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပခဲ့ရာ ရတနာပုံအသင်းက ဒိုဒွိုင်းဒိုင်နမိုအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့ကြောင်း သိရသည်။

ရတနာပုံအသင်းနှင့် ဒိုဒွိုင်းဒိုင်နမို အသင်းတို့သည် သာမန်ကစားချိန် မိနစ် ၉၀ ၌ ဂိုးမရှိ သရေကျနေသောကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရသည်။ အချိန်ပို ၉၇ မိနစ်တွင် ရတနာပုံအသင်း အနိုင်ဂိုး ရရှိခဲ့ပြီး ယင်းဂိုးကို ထွန်းထွန်းဝင်း ကန်တင် သည့် ထောင်ကန်ဘောမှ တစ်ဆင့် ကိုနေးက ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲတွင် ခြောက်ကြိမ်စလုံး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံဆု နှစ်ကြိမ် ရထားသည့် ကာဂျစ္စတန်ကလပ် ဒိုဒွိုင်းဒိုင်နမိုအသင်းမှာ အိမ်ရှင် ရတနာပုံအသင်းကို ဖိအားပေး ကစားနိုင်ခဲ့သော်လည်း အဆုံးသတ် အားနည်းမှုနှင့် ရတနာပုံအသင်း ခံစစ်ပိုင်း အမှား မရှိခဲ့သောကြောင့်သာ အရှုံးဖြင့် ရင်ဆိုင်ခဲ့ရခြင်းလည်း ဖြစ်သည်။ ရတနာပုံ အသင်းတွင် အမာခံ ကစားများဖြစ်သည့် ခင်မောင်ထွန်း၊ ရန်ပိုင်၊ အောင် ကျော်မိုး၊ ထွန်းထွန်းဝင်း၊ ဂျီနွန်ဆီယန်၊ ကိုနေး အစရှိသည့် ကစားသမားများကို ပွဲထုတ်သွားခဲ့ပြီး ယခုပြိုင်ပွဲတွင် ခြောက်ကြိမ်ဆက် ယှဉ်ပြိုင်ထားသည့် ဒိုဒွိုင်းဒိုင်နမို အသင်း၏ ကစားပုံ ကောင်းမွန်မှုကြောင့် အကောင်းဆုံးပုံစံ မရရှိခဲ့ပေ။

ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ရတနာပုံအသင်းသည် အာရှအဆင့် ကလပ်အသင်း ပြိုင်ပွဲများကို ၀င်ရောက် ယှဉ်ပြိုင်ဖူးသည့် မြန်မာကလပ် အသင်းများထဲတွင် ပထမဆုံး ဗိုလ်စွဲနိုင်ခဲ့သည့် အသင်း ဖြစ်လာကြောင်း သိရသည်။ ထို့ပြင် ယခုပြိုင်ပွဲတွင် ရှုံးပွဲမရှိ၊ ပေးဂိုးမရှိ စံချိန်တင်ကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပထမဆုရ ရတနာပုံအသင်း၊ ဒုတိယဆုနှင့် အသန့်ရှင်းဆုံးဆုရ ဒိုဒွိုင်းဒိုင်နမိုအသင်း၊ အကောင်းဆုံး ဘောလုံးသမားဆုရ မာလင် (ဒိုဒွိုင်းဒိုင်နမို)နှင့် ဂိုးသွင်း အများဆုံးဆုရ အူစမာနော့ဗ်(ဗာကက်ရှ်) တို့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း၊ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မိုဟာမက် ဘင်ဟမ်းမန်းနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ဆုကြေးငွေများ အဖြစ် ပထမဆုရ ရတနာပုံအသင်းအား အမေရိကန် ဒေါ်လာ ငါးသောင်း၊ ဒုတိယဆုရ ဒိုဒွိုင်းဒိုင်နမို အသင်းအား အမေရိကန် ဒေါ်လာနှစ်သောင်းခွဲ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရတနာပုံအသင်း၏ ပြိုင်ပွဲတစ်လျှောက် ရလဒ်များ

အုပ်စုပွဲစဉ်များ
ရတနာပုံ ၁၁-၀ ဒရက်စတား(ဘူတန်)
ရတနာပုံ ၀-၀ အက်ရှ်ကာဘတ်(တာ့ခ်မင်နစ္စတန်)
အကြိုဗိုလ်လုပွဲ
ရတနာပုံ ၂-၀ ဗာကက်ရှ်(တာဂျစ်ကစ္စတန်)
ဗိုလ်လုပွဲ
ရတနာပုံ ၁-၀ ဒိုဒွိုင်းဒိုင်နမို(ကာဂျစ္စတန်)