iMyanmarAds

ပရဟိတအသင်းအတွက် ရန်ပုံ​ငွေ ဖျော်ဖြေပွဲ ကျင်းပ

ဒီလ ၂၈ ရက်နေ့ ညနေ ၆ နာရီမှာ မန္တလေးက ၃၅ လမ်းမပေါ်မှာ ရှိတဲ့ ရှမ်းတိုင်းရင်းသား သာရေးနာရေး အသင်းဌာနမှာ “မဇ္ဈိမလှိုင်းနှင့် ချမ်းမြသုခ ဆည်းဆာအလှ ဖန်တီးကြသူများ” ဆိုပြီး အခမဲ့ရှိုးပွဲတခု ကျင်းပသွားမယ်လို့ ပွဲစီစဉ်သူ ရန်ဓနက ပြောပါတယ်။


ခင်မောင်တိုး၊ ဂျေမောင်မောင်၊ သားထွေး၊ ရန်ဓန၊ ဆုန်သင်းပါရ်၊ သျှီ၊ ခင်ဖုန်း စတဲ့ အဆိုတော် တော်တော်များများ ပါဝင်သီဆိုကြမှာ ဖြစ်ပါတယ်။ ပွဲလာကြည့်သူ ပရိတ်သတ်တွေထဲက အလှူငွေ ထည့်ဝင်ချင်သူများ အတွက်လည်း အလှူခံရာနေရာတခု ထားရှိပေးထားမယ်လို့လည်း ဆိုပါတယ်။

“မည်သူမဆို လာရောက်ကြည့်ရှုပြီး ဂီတကိုလည်း ခံစားရင်း ချမ်းမြသုခအသင်းရဲ့ ဘိုးဘွားတွေကို စောင့်ရှောက်နေတဲ့အကြောင်း သိသွားစေချင်တယ်။ အဲဒီကနေလည်း အလှူငွေထည့်ဝင်ပြီး ကုသိုလ်လည်း ရသွားတာပေါ့ဗျာ။ တကယ်လိုအပ်နေတဲ့ နေရာမှာ ဂီတနဲ့ တွဲဘက်ပြီး ပုံဖော်ပြီး ပြည်သူတွေကို သိစေချင်တာပေါ့နော်။”

ရရှိတဲ့ အလှူငွေတွေကို မန္တလေးမြို့က ချမ်းမြသုခပရိဟိတ အသင်း (ဘိုးဘွားများကို လိုက်လံစောင့်ရှောက် ကူညီပေးနေတဲ့ အသင်း)ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ သီဆိုမယ့် သီချင်းတွေဟာ လှုမှုရေးနဲ့ ကိုရန်ဓန ကိုယ်တိုင်တွေ့ကြုံရတဲ့ ဘိုးဘွားတွေရဲ့ အကြောင်းကို ရေးစပ်ထားတဲ့ သီချင်းတွေ တော်တော်များများ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

“ဂီတက လူတွေနဲ့ ထိတွေ့တဲ့နေရာမှာ လူတွေရဲ့ အာရုံစူးစိုက်မှုမှာ ဂီတက အထိရောက်ဆုံးပါ။ ဒီပွဲရဲ့ သီချင်း ခေါင်းစဉ်ကလည်း ကျနော်ပဲ ရေးစပ်ထားတာပါ။ ကျနော့်အတွေ့အကြုံလေးတွေ ဒီဘိုးဘွားနဲ့ ပတ်သက်တာကို ခံစားပြီး စပ်ထားတာပါ။”

ဒီရံပုံငွေ ဖျော်ဖြေပွဲဟာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်ကတော့ ဆည်းဆာအလှဖန်တီးကြသူများ ဆိုတဲ့ ခေါင်းစဉ်နဲ့ မျှော်စဉ်ကျွန်းမှာ ကျင်းပခဲ့ဖူးပါတယ်။ အဲဒီပွဲမှာလည်း အောင်မြင်မှု ရရှိခဲ့ပြီး ဆင်းဆာအလှ ဘိုးဘွားရိပ်သာအတွက် အလှူငွေ ထည့်ဝင်သူတွေ များပြာလာခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလိုရံပုံငွေပွဲတွေကို ကိုရန်ဓန၊ ကိုထွန်းထွန်းနဲ့ အဖွဲ့ဝင် ၁၄ ဦး ပါဝင်တဲ့ PAT X Myanmar Group က စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပြီး ပါဝင်သီဆိုတဲ့ အနုပညာရှင်တွေက တတ်အားသရွေ့ ကူညီပေးနေကြတာ ဖြစ်ပါတယ်။

မန္တလေးမြို့တွင်ဆက်သွယ်လှူဒါန်းနိုင်သည့်လိပ်စာများ။
ချမ်းမြသုခ ပရဟိတ လူမူကူညီရေးအသင်း။
ရွှေစံကိုင်ကျောင်းတိုက်၊တမ္မ၀တီ၊ချမ်းမြသာစည်မြို့နယ်၊မန္တလေး
PH- 02-59164 09-2021667
ရန်ကုန်မြို့ တွင်ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာများ။
ကိုရန်ဓန -၀၉-၄၃၁၂၇၆၆၆ ၊ ၀၉-၇၃၁၁၆၇၉၅

XMX Admin Group မှ နိဗာန် အကျိုးမျော်၍ သတင်းစကားလက်ဆင့်ပါးလိုက်ပါသည်။
ဝိုင်းတော်သားများ လည်း တတ်နိုင်သလောက် ယခုသတင်းဘလော့လေးအား အွန်လိုင်းပေါ်တွင်လက်ဆင့်ကမ်းပေးရင်းဖြင့် မှီခိုမဲ့ဘိုးဘွားများ အတွက်၇န်ပုံငွေပိုရအောင် တဘက်တလမ်းမှအကျိုးပြုနိုင်ကြသော သူများဖြစ်နိုင်ကြပါစေ။

DVB.Share9 မှကူးယူဖေါ်ပြပါသည်။