iMyanmarAds

ဈေးသက်သာသော အခန်း ၉၅၀၀ ပါ အိမ်ရာစီမံကိန်းငါးခု သုံးနှစ်အတွင်း အကောင်အထည်ဖော်မည်ဟုဆို

ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းမြို့နယ်တို့တွင် အခန်းပေါင်း ၉၅၀၀ ကျော် ပါဝင်သော ဈေးနှုန်းသက်သာသည့် အိမ်ရာစီမံကိန်းငါးခုကို သုံးနှစ်အတွင်း အကောင်အထည်ဖော်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးအတွင်းရေးမှူး ဦးကျော်စိုးကပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဗိုလ်ဗထူးစီမံကိန်း၊ ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်းနှင့် ပင်လုံအပါ့မင့် အိမ်ရာစီမံကိန်းတို့ကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဧရာဝဏ်အိမ်ရာစီမံကိန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း Housing Estate University အိမ်ရာစီမံကိန်းတို့ကို တည်ဆောက်မည်ဟုဆိုသည်။
ဗိုလ်ဗထူးစီမံကိန်းမှာ (၄၈)ရပ်ကွက် ဗိုလ်ဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းတွင်တည်ရှိပြီး အခန်းပေါင်း ၄၉၅၆ ခန်း၊ ဈေးဝယ်စင်တာတစ်ခု၊ စာသင်ကျောင်းငါးကျောင်းနှင့် ယာဉ် ၃၇၂၆ စီး ရပ်နိုင်သော ပါကင်၊ ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်းမှာ ဗိုလ်မင်းရောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်တွင် တည်ဆောက်မည်ဖြစ်ပြီး အိမ်ခန်းပေါင်း ၆၄၈ ခန်း(၆ ထပ်တိုက်)နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံလမ်းမတွင် တည်ဆောက်မည့် ပင်လုံအပါ့မင့် အိမ်ရာစီမံကိန်းတွင် အခန်း ၁၄၄ ခန်း ပါဝင်မည်ဖြစ်သည်။
ဧရာဝဏ်စီမံကိန်းတွင် အခန်းပေါင်း ၃၀၀၀ နှင့် ဈေးဝယ်စင်တာတစ်ခုနှင့် မင်းရဲကျော်စွာလမ်းတွင် တည်ဆောက်မည့် Housing Estate University အိမ်ရာစီမံကိန်းတွင် ဈေးဝယ်စင်တာတစ်ခုနှင့် အခန်း ၇၈၀ ပါဝင်မည်ဖြစ်သည်။
အဆိုပါ အိမ်ရာစီမံကိန်းများအတွက် ရန်ကုန်မြို့တော်စည်ပင်က တည်ဆောက်ခြင်းလုပ်ငန်းသာ တာဝန်ယူမည်ဖြစ်ပြီး နေရာချထားရေး အစီအစဉ်ကိုမူ တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါအိမ်ရာများ ဆောက်လုပ်ရန် လုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် ခေါ်ယူသွားမှာဖြစ်ပြီး ငွေအများဆုံးစိုက်ထုတ်နိုင်မည့် လုပ်ငန်းရှင်များကို ဦးစားပေး ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။
“ဘတ်ဂျက်ကို တိုင်းဒေသကြီးလွှတ်တော်တင်ပြီးတော့ ဘဏ္ဍာရေးကော်မရှင်ရဲ့ အတည်ပြုပြီးမှ သုံးစွဲရတာဖြစ်တဲ့အတွက် ဒီလုပ်ငန်း စတင်ဖို့အတွက် ရှိတဲ့အင်အားနဲ့ ကြိုးစားလုပ်သွားမှာ ဖြစ်တယ်”ဟု ဦးကျော်စိုးကပြောသည်။ အဆိုပါ အိမ်ရာစီမံကိန်းများ ပြီးစီး၍ ရောင်းချပါက ဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျ ပေးချေသည့်စနစ်ဖြင့် ရောင်းချပေးရန် အစီအစဉ်ရှိကြောင်းနှင့် အဆောက်အအုံများမှာ ခြောက်ထပ်နှင့် ဆယ့်နှစ်ထပ် ပါရှိမည်ဖြစ်ကြောင်း သိရသည်။
7day news click!