iMyanmarAds

မြန်မာ့ရေထွက်ပစ္စည်း ၂၀၁၀ တွင် အီးယူသို့တင်သွင်းခွင့်ရ

Made in Myanmar များတွေ့ရတော့မည်


သဘာဝရေချိုရေငန်မှ ဖမ်းဆီးရမိသည့် မြန်မာ့ရေထွက်ပစ္စည်းများ အီးယူနိုင်ငံအားလုံးသို့ တင်ပို့ခွင့်ရရှိပြီဖြစ်ကြောင်းနှင့် အီးယူအစစ်ဆေးခံခဲ့သည့် ရေထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံရှစ်ရုံအား လာမည့်နှစ် ဇန်န၀ါရီလမှစ၍ အီးယူနိုင်ငံများသို့ ရေထွက်ပစ္စည်း တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
''ဒီဇင်ဘာလ ၁၄ ရက်မှာ EU Commission ရဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက် နေ့ကစပြီး မြန်မာနိုင်ငံဟာ အီးယူနိုင်ငံတွေအားလုံးကို လွတ်လပ်စွာ တင်ပို့ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ရေချိုရေငန်သဘာဝက ဖမ်းဆီးရမိတဲ့ရေထွက်ပစ္စည်းအားလုံးကို လွတ်လပ်စွာ တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်'' ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခင်က အီးယူနိုင်ငံများသို့ မြန်မာ့ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် Bilateral Agreement စနစ်ဖြင့် တင်ပို့နေခြင်းဖြစ်ပြီး ယင်းသို့တင်ပို့နေခြင်းမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်ခြင်းကြောင့် အီးယူနိုင်ငံများသို့ ဆက်လက်တင်ပို့နိုင်ရန်အတွက် အီးယူလိုအပ်ချက်များနှင့် ညီညွတ်အောင်ဆောင်ရွက်နိုင်ရန် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့်စက်ရုံများ၊ ငါးတင်ငါးချဆိပ်ကမ်း၊ ငါးဖမ်းသင်္ဘောတို့အား အီးယူအစစ်ဆေးခံခဲ့ကြောင်းလည်း သိရှိရပါသည်။
စစ်ဆေးရန်အတွက် အီးယူကော်မရှင်မှ တာဝန်ရှိသူနှစ်ဦး မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ လာရောက်ပြီး ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်သည့် စက်ရုံ ရှစ်ရုံ၊ ငါးတင်ငါးချဆိပ်ကမ်းနှစ်ခုနှင့် ငါးဖမ်းရေယာဉ်တစ်စင်းတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။ ၎င်းတို့စစ်ဆေးတွေ့ရှိချက်များအား EU Commission သို့တင်ပြပြီး ခွင့်ပြုချက်ရရှိသဖြင့် မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ ဆက်လက်တင်ပို့ခွင့် ရရှိခြင်းဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၄ ရက်မှာ EU Commission ရဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံဟာ အီးယူနိုင်ငံတွေအားလုံးကို လွတ်လပ်စွာတင်ပို့ခွင့် ရရှိမှာဖြစ်ပါတယ်
အီးယူသို့ ရေထွက်ပစ္စည်း တင်ပို့ခွင့်ရရှိခြင်းနှင့်ပတ်သက်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''အရင်က ကျွန်တော်တို့ရဲ့ ရေထွက်ပစ္စည်းပြည်ပပို့ကုန်တွေဟာ အီးယူကို Bilateral နဲ့ သွားတာပါ။ ဥပမာပြောရရင် မြန်မာနဲ့ အင်္ဂလန်၊ မြန်မာနဲ့ နယ်သာလန်ပေါ့၊ နှစ်နိုင်ငံချင်း သဘောတူပြီးသွားရတဲ့အဆင့်ကို ပြောတာပါ။ အခုတော့ EU All Countries ကို ပို့လို့ရပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၁၀ ဇန်န၀ါရီ ၁ ရက်ကစပြီး အီးယူအစစ်ဆေးခံခဲ့တဲ့ စက်ရုံရှစ်ရုံကို ပို့ခွင့်ပြုမှာ ဖြစ်ပါတယ်။ အဲဒီစက်ရုံတွေအနေနဲ့ကလည်း ခြောက်လအတွင်း စက်ရုံရပ်နားတာတို့၊ တစ်နှစ်ခွဲအတွင်း အီးယူကို တစ်ကြိမ်မှမပို့နိုင်ခဲ့ရင် ခွင့်ပြုထားတာ ပျက်ပြယ်မှာ ဖြစ်ပါတယ်''ဟု ရှင်းပြခဲ့သည်။
အီးယူနိုင်ငံများသို့ ရေထွက်ပစ္စည်းများတင်ပို့ခြင်းနှင့် ပတ်သက်ပြီး ''မြန်မာနိုင်ငံကနေ အီးယူနိုင်ငံတွေကို ရေထွက်ပစ္စည်းတင်ပို့မှုက ၂၀၀၇-၂၀၀၈ တုန်းကဆိုရင် အမေရိကန်ဒေါ်လာ ၁၄ သန်း ကျော်လောက်ပဲ ရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရေထွက်ပစ္စည်းတွေကို အီးယူနိုင်ငံတွေကိုပဲ အဓိကထားပို့နေတာ မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် အီးယူကိုပို့ခြင်းအားဖြင့် food safety နဲ့ quality ပိုင်း တက်လာမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အီးယူကိုပို့ရင် အီးယူအသိအမှတ်ပြုတာ ရှိရမယ်။ အဲလိုအသိအမှတ်ပြုဖို့ဆိုရင် အစားအသောက်ဘေးကင်းမှုနဲ့ အရည်အသွေးကောင်းမွန်မှုအပိုင်း မရှိမဖြစ်လိုအပ်လို့ ဖြစ်ပါတယ်''ဟု ရေထွက်ပစ္စည်းပြည်ပတင်ပို့သူ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
မြန်မာ့ရေထွက်ပစ္စည်းများအား ဥရောပသမဂ္ဂကော်မရှင်၏ ဆုံးဖြတ်ချက် ၉၇/၂၀ နှင့် ၉၇/၂၉၆ အရ ယခင်က EU နိုင်ငံများသို့ တင်ပို့ခွင့်ပြုခဲ့ခြင်းမရှိသော်လည်း EU ဆုံးဖြတ်ချက် ၂၀၀၆/၇၆၅ အရ သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနမှ စစ်ဆေး၍ တင်ပို့ခွင့်ပြုရန် ဥပဒေအမှတ် ၁၆၆၆/၂၀၀၆ ဖြင့် ပြဋ္ဌာန်းခဲ့သည့်အတွက် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံရှိသည့်အနက် ခုနစ်နိုင်ငံသို့ မြန်မာ့ရေထွက်ပစ္စည်းများအား နိုင်ငံအချင်းချင်း သဘောတူညီချက်အရ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီးယူနိုင်ငံများသို့ တင်ပို့ခွင့်ရရှိခဲ့သည့် စက်ရုံ(၈)ရုံ
United K.M.K Co;Ltd
Shwe Yamone Manufacturing Co;Ltd
Twin Brothers Seafood Cold Storage
Great Int'l Co;Ltd
May Yu Marine Products Co;Ltd
Ghani Win Co;Ltd
General Food Technology Industrial Co;Ltd
Myint Myat Hein Co;Ltd
ယခင်က Bilateral Agreement ဖြင့် တင်ပို့ခဲ့သည့် အီးယူနိုင်ငံများ
UK
ဘယ်လ်ဂျီယံ
ဆွီဒင်
ဂျာမနီ
ဆွစ်ဇာလန်
နယ်သာလန်
အီတလီ