iMyanmarAds

ကိုယ်ဝန်ဆောင် မိခင်များ ဓာတ်မှန်ရိုက်ခြင်းကြောင့် ကလေးတွင် မွေးရာပါ နှလုံးရောဂါ ဖြစ်ပွားနိုင်


ကိုယ်ဝန်ဆောင် မိခင်များ ဓာတ်မှန်ရိုက်ခြင်း၊ ဓာတ်ကင်ခြင်းများကြောင့် ကလေးတွင် မွေးရာပါနှလုံးရောဂါ ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်ဆေး ရုံကြီး နှလုံး ရောဂါဌာန ပါမောက္ခ ဒေါက်တာနွယ်နွယ်က ပြောကြားခဲ့သည်။

''မိခင်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ X-Ray ရိုက်တာ၊ ဓာတ်ကင်တာနဲ့ ဆေးအဆိပ် ဖြစ်စေတဲ့ဆေးတွေကို မသောက်သင့်ဘူး။ဆေးလိပ်သောက် တာကလည်း မွေးလာမယ့် ကလေးကို နှလုံး ရောဂါဖြစ်စေတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မွေးရာပါ နှလုံးရောဂါ ဖြစ်ပွားနိုင်သည့်အပြင် တခြားအကျိုး သက်ရောက်မှုတွေ ဖြစ်တဲ့ လမစေ့ဘဲ မွေးဖွားခြင်း၊ မွေးရာပါ သွေးကြောအပိုပါခြင်း (PDA)၊ ပေါင်မပြည့်ခြင်း၊ မွေးရာပါ နှလုံးပြာရောဂါ (TOF)၊ ကလေးအသေမွေးသည် အထိ ဆိုးကျိုး သက်ရောက်နိုင်သည်။

မွေးရာပါ နှလုံးရောဂါမှာ နှလုံးတွင် အပေါက်ပါဝင်ခြင်း ဖြစ်ပြီး အသေးစား၊ အလတ်စားနှင့် အကြီးစား သုံးမျိုးရှိပြီး အကြီးစားနှင့် အလတ်စား နှလုံးရောဂါများမှာ အချိန်မီ ခွဲစိတ်ခြင်း မရှိပါက အသက်သေဆုံးသည် အထိဖြစ်ပွားနိုင်ပြီး အသေးစားမှာ ကုသရန် မလိုဘဲ ဆေးသောက် ရုံဖြင့် အလိုအလျောက် ပိတ်သွားနိုင်သည်။

''ကျွန်မ ကိုယ်ဝန်ဆောင်ချိန်မှာ အသက်ကြီးနေပြီ။ လေးဖက်နာ ရောဂါကလည်း ရှိတော့ X Rayတို့ ဓာတ်မှန်တို့ ခဏခဏ ရိုက်ဖြစ်တယ်။ ကလေးကို ထိခိုက်မယ်လို့ မထင်ထားမိဘူး။ ဒါပေမဲ့ ကလေး မွေးလာတော့ မွေးရာပါ နှလုံးရောဂါ ပါလာတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဓာတ်ကင်မိတာ ကို နောင်တရမိတယ်'' ဟု လှိုင်သာယာတွင် နေထိုင်သူ မနီနီအောင်က ပြောပြခဲ့သည်။

မွေးရာပါ ကလေးများ နှလုံးရောဂါ ဖြစ်ပွားခြင်းများမှာ အသိပညာ နည်းပါးခြင်း၊ သက်ဆိုင်ရာဆရာဝန်များ၏ ညွှန်ကြားချက်များကို မလိုက်နာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ဌာနများ နည်းပါးခြင်းများကြောင့် ဖြစ်သည်။