iMyanmarAds

မြန်မာ့ကြွေးဟောင်း ၅၀ ရာခိုင်နှုန်း ဂျာမနီအစိုးရ လျှော်ပေးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဦးအကြိမ် ရောက်ရှိလာမည့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ သမ္မတ Mr.Joachim Gauck သည် ၎င်း၏ ခရီးစဉ်အတွင်း မြန်မာအစိုးရက ဂျာမနီ နိုင်ငံအပေါ် တင်ရှိနေသည့် ကြွေးဟောင်း ၅၀ ရာခိုင်နှုန်းကို လျှော်ပေးမည်ဟု ဂျာမနီ သမ္မတခရီးနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာ့အကြွေးဟောင်းများ လျှော်ပေးမည့် သဘောတူညီချက်ကို ဂျာမနီ သမ္မတက ၎င်း၏ ခရီးအတွင်း မြန်မာအစိုးရနှင့် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။

ဂျာမနီနိုင်ငံသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အထောက်အပံ့ ဖြစ်စေရန်နှင့် မြန်မာ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးစေရန်အတွက် ယင်းသို့ အကြွေးများ လျှော်ပေးခြင်း ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပါရီကလပ် အဖွဲ့ဝင် နိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံသည် ယင်းအဖွဲ့အစည်းမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ထုတ်ချေးထားသော ချေးငွေများအနက်မှ ၅၀ ရာခိုင်နှုန်းကို လျှော်ပေးရန်အတွက် ဖြစ်ကြောင်း မြန်မာအစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ပါရီကလပ် အဖွဲ့ဝင် နိုင်ငံအားလုံးက ၎င်းတို့ အားလုံးအပေါ် မြန်မာနိုင်ငံက တင်ရှိနေသော ကြွေးဟောင်းများအနက် ၆၀ ရာခိုင်နှုန်းကို လျှော်ပေးရန် ၂၀၁၃ ခုနှစ် အစောပိုင်းက သဘောတူညီခဲ့ကြပြီး အဆိုပါ သဘောတူညီချက်အရ ဂျာမနီနိုင်ငံသည်လည်း မြန်မာနိုင်ငံ အတွက် လျှော်ပေးခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ပါရီကလပ်၏ သဘောတူညီချက်အရ အသင်းဝင်နိုင်ငံများက မြန်မာ့ အကြွေးဟောင်း ၆၀ ရာခိုင်နှုန်း ဖြစ်သည့် ၅ ဒသမ ၉ ဘီလီယံကို လျှော်ပေးမည် ဖြစ်ပြီး၊ ကျန်ရှိနေသော ၄၀ ခိုင်နှုန်းသော အကြွေးများကို ဆပ်ရန် အချိန် နောက်ထပ် ၁၅ နှစ်နှင့် အတိုးကင်းလွတ်ခွင့် ကာလ ၇ နှစ် တိုးထပ်မံပေးခဲ့ကြောင်း ယင်းအဖွဲ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ တင်ရှိသော ကြွေးဟောင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရှိခဲ့ပြီး၊ ယင်းစုစုငွေကြေး၏ သုံးပုံနှစ်ပုံသည် ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများထံတွင် တင်ရှိနေခြင်း ဖြစ်သည်။

ပါရီကလပ် အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်အရ နော်ဝေနိုင်ငံ အပေါ် မြန်မာအစိုးရ တင်ရှိနေသည့် ကြွေးဟောင်း အားလုံးဖြစ်သည့် အမေရိကန်ဒေါ်လာ ၅၃၄ သန်းကို နော်ဝေ အစိုးရက လျှော်ပေးခဲ့ပြီး၊ ဒိန်းမတ် အစိုးရကလည်း မြန်မာ့ အကြွေးဟောင်း ဒိန်းမတ်ခရိုနာ ၁၉၅ သန်းကို အပြီးတိုင် လျှော်ပေးခဲ့သည်။

မြန်မာနိုင်ငံကို အများဆုံး ငွေချေးခဲ့သည့် ပါရီ ကလပ်အဖွဲ့ဝင် နိုင်ငံများမှာ ဂျာမနီ၊ ပြင်သစ်၊ နော်ဝေ၊ သြစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်ပြီး အာရှဒေသတွင်း နိုင်ငံများမှာ ဂျပန်နှင့် တရုတ်နိုင်ငံတို့ ဖြစ်သည်။

အလားတူပင် ဂျပန်အစိုးရကလည်း မြန်မာ့ အသွင်ကူးပြောင်းရေး လုပ်ငန်းများကို အထောက်အပံ့ ဖြစ်စေရန်အတွက် ၂၀၁၃ ခုနှစ် ဧပြီလအတွင်းက အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းကျော် လျှော်ပေးခဲ့သည်။

ပြင်သစ် နိုင်ငံသည်လည်း မြန်မာ အစိုးရ၏ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး လုပ်ငန်းစဉ်များကို အထောက်အပံ့ ပေးသည့် အနေနှင့် မြန်မာအစိုးရက ကျန်ရှိနေသော ကြွေးဟောင်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်အနက် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကို ပြင်သစ်အစိုးရက လျှော်ပစ်လိုက်ကြောင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိနေသော ပြင်သစ် နိုင်ငံခြား ကုန်သွယ်ရေးဝန်ကြီး Mrs. Nicole Bricq တရားဝင် လက်မှတ်ထိုး ကြေညာခဲ့သည်။
The Voice Weekly