iMyanmarAds

မြန်မာတို့၏ အကျင့်များ

ဒီနေ့ ကျွန်တော် စာဖတ်ဖြစ်ပါတယ်။ ဒါနဲ့ ဖတ်ရင်းက ဗိုလ်ချုပ်အောင်ဆန်း
ပြောတဲ့မိန့်ခွန်းတခုကို ဖတ်လိုက်မိပါတယ်။

“ကျနော်တို့ ဗမာတွေမှာ စောက်ကျင့်တခုရှိတယ်။
ဘာစောက်ကျင့်တခုရှိသလည်းဆိုရင် ဒါကလည်းဘဲ ကျနော်တို့
ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ကျနော် ဂျပန်ခေတ်တုန်းက
ပုသိမ်ဖက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတ်ခုရှိတယ်။
လှေပြိုင်ပွဲလုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလည်းဆိုတော့
လှေတွေ ပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက
ပန်းတိုင်မရောက်သေးဘူး။ ရှေ့ကို နဲနဲရောက်တယ်ဆိုရင်ဘဲ တက်ထောင်တယ်။
ကြွားတာ ကြွားတာ်။ တခါ ရှုံးတဲ့အနောက်က နေတဲ့လှေကလည်းဘဲ
ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။
မကြိုးစားတော့ဘူး။ ရှုံးတော့မှာပါပဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့
တယ်မခတ်ချင်တော့ဘူး။”

အဲဒါနဲ့ ကျွန်တော် သေချာ စဉ်းစားဖြစ်သွားတယ်။ ငါတို့ မြန်မာတွေမှာ ဘာတွေ
ပြင်စရာ အကျင့်တွေ ရှိသေးလဲ ဆိုတာကိုလေ။ သိပ်မများပါဘူး။ စဉ်းစားရသလောက်
စာဖတ်သူများအတွက် ချရေးလိုက်ပါတယ်။

၁) အပျင်းထူခြင်း

မြန်မာတွေ အပျင်းထူတာ မဟုတ်ပါဘူး။ လုပ်စရာ မရှိလို့ ဘာမှ မလုပ်ကြတာပါ။
အဲလို မလုပ်ရင်းနဲ့ အပျင်းထူသွားရော.. တကယ် အလုပ်လုပ်နေကြတဲ့ မြန်မာတွေ
ပြည်တွင်း ပြည်ပမှာ အများကြီး ရှိပါတယ်ဗျာ.. တကယ်တော့ အပျင်းထူလို့ မရတဲ့
အခြေအနေမှာ အပျင်းထူနေကြမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ တနည်း..
မြန်မာတွေအတွက် အခွင့်အလမ်းတွေ ရှိလာတဲ့အခါမှာ မြန်မာတွေ
ခိုကပ်မနေဘူးဆိုတာကို ယုံကြည်ပါတယ်။

၂) အလကားရလျှင် အလကား လိုချင်ခြင်း

မုန့်ဟင်းခါးဆို အဆစ်ပေးပါ ဆိုတာမျိုး၊ အင်္ကျီဝယ်ရင် Discount
လိုချင်တာမျိုးတို့ပေါ့.. အဲလို အလကားရ အလကား လိုချင်နေရင် မြန်မာတွေ
တိုးတက်မှာ မဟုတ်ပါဘူး။ လောကမှာ ဘယ်အရာမှ အလကား မရပါဘူး။ တန်ရာ တန်ကြေး
ပေးရတာပါပဲ။ တန်ရာတန်ကြေးရဲ့ တန်ဖိုးကို တို့မြန်မာများ နားလည်ဖို့
လိုပါတယ်။

၃) အကြွားသန်ခြင်း

အကြွားသန်တယ်ဆိုတာ တကယ်တော့ မရောင့်ရဲတတ်တာပါပဲ။ ရှိတာကို
ထုတ်ကြွားတာဆိုတာ မဖြစ်သင့်တာပါ။ ကျွန်တော်တွေ့ဖူးတဲ့ Singapore က
လူတွေကတော့ မကြွားတတ်ကြပါဘူး။ ကုပ်ကုပ်ကုပ်ကုပ်နဲ့ အလုပ်လုပ်ကြသူအများစု
ဖြစ်ကြပါတယ်။ ကျွန်တော်တို့တွေလဲ မလိုအပ်တာ မကြွားပဲ လိုအပ်တာတွေ
လုပ်ကြဖို့ လိုပါတယ်။

မှတ်ချက်.. ကျွန်တော်ကတော့ ကျွန်တော် လုပ်လို့ အောင်မြင်သွားတဲ့
အရာတွေကို ကြွားတတ်ပါတယ်။ လုပ်လို့ မအောင်မြင်ဘူးဆိုရင်တော့ ပါးစပ်လေးကို
ပိတ်၊ ဘယ်သူ့ကိုမှ မပြောပြတော့ဘူး။

၎) အားနာခြင်း

မြန်မာတွေ ဘယ်လောက် အားနာလဲဆိုတာကို မြန်မာပြည်ပြန်တဲ့ မြန်မာတိုင်း
နားလည်ကြပါတယ်။ မြန်မာပြည်ပြန်မယ်ဆိုရင် သိသူ ကျွမ်းသူ အကုန်က လူကြုံ
လူကြုံ ဆိုပြီး ထည့်ပေးလိုက်ကြလို့ပါ။ ဒါနဲ့ပဲ ပြန်တဲ့သူက သူ့ပစ္စည်း
မသယ်ရဘဲ သူများဟာတွေကြီး သယ်လိုက်ရပါရော။

အားနာတာဟာ မကောင်းပါဘူး။ အားနာရင် ခါးပါတယ် ဆိုတာဟာ တကယ်တော့ အားနာလို့
ကိုယ်ခံလိုက်ရတာပါပဲ။ အားနာတာ မကောင်းပေမဲ့ ကူညီတတ်တဲ့ စိတ်လေးကတော့
ကောင်းပါတယ်။ တနည်း ကျွန်တော့်ဆောင်ပုဒ်ကတော့ ကူညီပါ။ အားမနာပါနဲ့
ဆိုတာပါပဲ။

မှတ်ချက်.. ကျွန်တော်လဲ အားနာတတ်သော လူမျိုး ထဲမှာ ပါပါတယ်။ ကိုယ်နှင့်
မသိသောသူများကို ပိုအားနာတတ်ပါတယ်။

၅) အယူသီးခြင်း

အယူသီးခြင်းဆိုတာကတော့ ခေတ်မီတဲ့ အတွေးအခေါ်တွေ မပြန့်ပွားသေးလို့
ဖြစ်မှာပါ။ ကျွန်တော်ကတော့ အယူနည်းနည်း သီးပါတယ်။ လက်သည်းကို ညဘက်
ဘယ်တော့မှ မညှပ်ပါ။ လာဘ်တိတ်မှာ စိုးလို့။ အဲ အယူသီးရှေးရိုးဆန်တာဟာ
မြန်မာပြည်တိုးတက်ဖို့အတွက် နည်းနည်းတော့ အနှောင့်အယှက် ဖြစ်ပါတယ်။
ဥပမာ.. ရွှေတိဂုံ ဘုရားထက် ပိုမြင့်တဲ့ တိုက်တွေကို ဘုရားနားမှာ
မဆောက်စေချင်တာမျိုးပေါ့။ ကျွန်တော့်အမြင်တော့ ရွှေတိဂုံဘုရားထက်
ပိုမြင့်လဲ ဘုရားဟာ ဘုရား၊ တိုက်ဟာ တိုက်ပဲ။ ရွှေတိဂုံဘုရား မြင်ကွင်းကို
ပိတ်သွားလဲ ဘာဖြစ်လဲနော်။ ဘုရားဟာ အဲဒီနေရာမှာ ရှိနေပြီး ဖူးလို့ ရရင်
ပြီးတာပဲပေါ့။

၆) ကောက်ရိုးမီး

ကျွန်တော်တို့ဟာ ကောက်ရိုးမီးလိုပဲ အစတော့ တဟုန်းဟုန်းတောက်ပြီး
နောက်ကျတော့ ဒုံရင်း ဒုံရင်း ပြန်ငြိမ်သွားတာပါပဲ။ ဘယ်မှမကြည့်နဲ့။ အခု
၁၈ နှစ်ကာလကိုပဲကြည့်။ အကုန်စိတ်တွေကျကုန်ကြပြီ။ တစိုက်မတ်မတ်
စိတ်ဓာတ်မျိုး မရှိဘူး။ ကျွန်တော်လဲ ထိုနည်းလည်းကောင်းပဲ။
ကျွန်တော်တွေ့ဖူးတဲ့ လူတွေလဲ အဲဒီအတိုင်းပဲ။ အားပျော့ အားလျော့လာတယ်။
ဘယ်လိုဆက်လုပ်ကြမလဲ။

၇) လက်လျှော့ခြင်း

နောက်တခုက ကျွန်တော်တို့ဟာ အလွယ်နဲ့ လက်လျှော့တတ်တဲ့လူတွေ များတယ်။
တခြားမကြည့်နဲ့။ ကျွန်တော်တို့ မြန်မာဘောလုံးအသင်း။ ၁ဂိုး လောက်
အသွင်းခံလိုက်ရရင်ဘဲ လက်လျှော့ချင်ကြပြီ။ နောက် ဆက်ကြည့်မိရင်
တဒိုင်းဒိုင်းနဲ့ အသွင်းခံရတော့တာပဲ။ လက်လျှော့လွယ်ကြတယ်။ အလွယ်
လက်လျှော့တတ်တယ်ဆိုတာ စိတ်ဓာတ်နဲ့ ဆိုင်တယ်။ စိတ်ဓာတ်မပြင်းထန်ရင်
အလွယ်လက်လျှော့လိုက်ကြမှာပါပဲ။

၈) အကွက်မမြင်တတ်ခြင်း

ကျွန်တော်တို့တွေဟာ အများစု ရိုးတဲ့အတွက် ကွက်ကျော် မရိုက်တတ်ကြပါဘူး။
နောက် လည်တယ်ဆိုတဲ့ အရာကို မကောင်းဘူးလို့ ယေဘုယျ မြင်ထားကြပါတယ်။
လူလည်ကျတာထက် လည်လည်ဝယ်ဝယ် ရှိတာကို ဆိုလိုပါတယ်။ ကိုယ်က လည်မှ
ကွက်ကျော်မြင်တတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကို
မလည်တတ်တာကိုဘဲ ဂုဏ်ယူနေမိတယ်။ ဒါဟာ မှားနေတယ်လို့ ကျွန်တော် မြင်ပါတယ်။။
လူဆိုတာ လည်လည်ဝယ်ဝယ်ရှိမှ ချမ်းသာတိုးတက်ကြောင်း ဖြစ်တာလေ။
တရုတ်လူမျိုးတွေကို ကြည့်ပါ။ အင်မတန်လည်တဲ့ လူတွေ ဖြစ်ပါတယ်။ ဒါကြောင့်
စီးပွားရေးတွေ အောင်မြင် ဖြစ်ထွန်းကြတာပေါ့။ ဒါကြောင့် ဒါလဲ
ကျွန်တော်တို့ မြန်မာတွေရဲ့ အကျင့်ထဲမှာ ထည့်လိုက်ပါတယ်။

၉) စားမြုံ့ပြန်တတ်ခြင်း

ဘာလဲဆိုတော့ အတိတ်က သမိုင်းကြောင်းတွေကို ပြန်ပြန် စားမြုံ့ပြန်တာ။
ငါတို့တိုင်းပြည်က အရင်က ဘာကြီးဖြစ်ခဲ့တယ်။ အရင်က ညာကြီးဖြစ်ခဲ့တယ်
ဆိုတာမျိုးပါ။ အရင်က ဘာဖြစ်ခဲ့တယ် ဆိုတာကိုတော့ သိထားသင့်ပါတယ်။ သို့သော်
အရင်က သမိုင်းကြောင်းမှာ လက်မထောင်ခဲ့တာကို ခဏခဏ စားမြုံ့ပြန်လို့ ဘာမှ
မရပါဘူး။ ကိုယ်စိတ်ချမ်းသာအောင် ပြောနေတာပဲ ရှိမှာပါ။ ဒါမျိုးကို
လက်ရှိအတွက် အသုံးမ၀င်ပါဘူး။ လက်ရှိကောင်းကျိုးလုပ်ဖို့ပဲ အစဉ်တစိုက်
စဉ်းစားတာ ပိုကောင်းပါတယ်။ အနာဂတ်ဆိုတာလဲ ခဏခဏ စိတ်ကူးမယဉ်သင့်ပြန်ဘူး။

၁၀) အလေလိုက်ခြင်း

ကျွန်တော်တို့ လူငယ်တွေမှာ အများအားဖြင့် ဖြစ်နေတာပါ။ လူကြီးတွေမှာလဲ
ရှိပါတယ်။ ကျွန်တော် မြင်ဖူးပါတယ်။ အလေလိုက်တယ်ဆိုတာဟာ အပျင်းထူတာရယ်
စိတ်ဓာတ် မကြံ့ခိုင်တာရယ်ကြောင့် ဖြစ်လာတဲ့ အကျင့်တခုပါ။
အလေလိုက်မယ့်အစား ဖတ်လို့ကောင်းတဲ့ စာအုပ်လေးဖတ်၊ သို့မဟုတ်
ကိုယ့်သမိုင်းကြောင်း လေ့လာရင် လေ့လာ၊ နောက်ဆုံး သူငယ်ချင်းတွေနဲ့
ငြင်းခုံဆွေးနွေးမှုမျိုးလေး အကျင့်လုပ်ဖို့ပါ။ တယောက်တည်း အလေလိုက်တာ၊
အုပ်စုလိုက် အလေလိုက်တာ၊ နောက်ဆုံး ဘာမှမလုပ်ပဲနဲ့ စိတ်ကို
အလေလိုက်ထားတာမျိုး မဖြစ်သင့်ပါဘူး။ အမြဲတမ်း ကိုယ့်ကိုယ်ကို
တိုးတက်နေအောင် ကြိုးစားသင့်ပါတယ်။

၁၁) ဝေဖန်မခံနိုင်ခြင်း

ကျွန်တော်အပါအ၀င် ကျွန်တော့်သူငယ်ချင်းတွေ ကုန်ကုန်ပြောရင်
ကျွန်တော့်အဖေကအစ တွေ့ဖူးသမျှ တော်တော်များများ သူများ ဝေဖန်တာ
မခံနိုင်ပါဘူး။ ပြုံးပြုံးလေးနဲ့ တုံ့ပြန်ဖို့ နေနေသာသာ သူများဝေဖန်တာကို
ချက်ချင်း ပြန်တုံ့ပြန်ကြမှာပါ။ ဝေဖန်တဲ့နေရာမှာ ခပ်ဆိုးဆိုး
ဝေဖန်ခံရတာနဲ့ ညင်ညင်သာသာလေး ဝေဖန်ခံရတာ ရှိပါတယ်။ နောက် သာသာလေးနဲ့
နှက်ကြတဲ့ ဝေဖန်ရေးသမားတွေကိုလဲ မြင်ဖူးပါတယ်။ ကျွန်တော့် သူငယ်ချင်း
အကိုကြီး တယောက် ပြောသလိုပဲ ဒီမိုကရေစီစနစ်မှာ နေထိုင်တတ်ကြဖို့ဆို
ကိုယ့်ကို ဝေဖန်တာ ခံနိုင်အောင် ကြိုးစားရပါအုံးမယ်။ ကိုယ့်ကို
ဝေဖန်လာရင် အနည်းဆုံး ပြန်ပြုံးပြနိုင်ဖို့နဲ့ အများဆုံး အရသာ
ရှိတယ်လို့ ခံစားတတ်ဖို့ပါ။ ဝေဖန်ရေးနဲ့ ပတ်သက်လို့ ဖတ်ဖူးတဲ့
စာပိုဒ်လေးတပိုဒ် ထည့်လိုက်ပါရစေ။

ပီကင်းကို ရောက်ပြီးသည့် နောက်နေ့တွင် မြန်မာပြည်ကို အထူးသတိရ၏။
ရန်ကုန်တွင်မူ နံနက်မိုးလင်းလျှင် မရွှေဇင်၏ ရုံးခန်း၌ သတင်းစာတို့ပြည့်၍
နေလေသည်။ ဤသတင်းစာတို့ကို ကောက်၍ဖတ်လိုက်လျှင် အစိုးရကို ထောက်ခံသည့်
သတင်းစာလည်း ရှိ၏။ အစိုးရကို ရစရာမရှိအောင် ဝေဖန်ထားသော သတင်းစာလည်းပါသည်
(ကွာသလိုလိုပါပဲလားနော်)။ အပြုအားဖြင့် ဝေဖန်သူလည်း ရှိ၏၊
တမင်အပြစ်ရှာသူလည်း ရှိ၏။ သို့သော် ဤကဲ့သို့ အသံအမျိုးမျိုးထွက်သော
သတင်းစာမျိုးစုံကို ဖတ်ရသည်မှာ အရသာ တမျိုး ရှိသည်ဟု မရွှေဇင်က ထင်သည်။
ဂန္ဓာလရာဇ် မှတ်တမ်း- စာမျက်နှာ ၆၇

ဒီ့ထက် အများကြီးကို စာဖတ်သူတို့ စဉ်းစားနိုင်ကြမှာပါ။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ရောက်ဖို့ ဆိုရင်တော့
ကျွန်တော်တို့တွေအနေနဲ့ ပြင်ရမှာ မနည်းပါဘူး။ အဲဒီထဲက
ပြင်သင့်တာလေးတွေကို စေတနာနဲ့ ရေးသားတင်ပြလိုက်ပါတယ်။

ဝန်ခံချက်

၁) ကျွန်တော်သည် မြန်မာလူမျိုးဟု သုံးနှုန်းထားခြင်းမှာ မြန်မာနိုင်ငံတွင်
အစဉ်တစိုက် နေထိုင်ကြသော ပြည်သူတို့ကို ဆိုလိုပါသည်။

၂) ကျွန်တော်သည် စာဖတ်သူ ပရိသတ်ကြီး၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်
အရေးအသားမျိုးရေးမိပါက ဤသည်မှာ ကျွန်တော့်အမှား ဖြစ်ပါသည်။
ခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံပါသည်။